Monday, January 30, 2012

သွားများကောင်းမွန်နေစေလိုသော် (ဒေါက်တာ အောင်မော်)

သွားများကောင်းမွန်နေစေလိုသော်
(ဒေါက်တာ အောင်မော်)

        သွားပိုးစားခြင်း ဖြစ်ပေါ်ရသည့် အဓိက အကြောင်းရင်းမှာ သကြားနှင့် သကြားပါသော အစားအစာများကြောင့် ဖြစ်သည်။ သကြားဓါတ်သည် အချိန် အနည်းငယ် အတွင်း၌ပင် ပါးစပ်အတွင်း၌ အက်ဆစ်ဓါတ် အဖြစ်သို့ ပြောင်းလဲသွားပြီး သွားများကို ဒုက္ခပေး နိုင်ပါသည်။ သကြားပါသော အစားအစာများ စားသောက်ပြီး နာရီ အနည်းငယ် အတွင်းမှာပင် သကြားဓါတ်မှ အက်ဆစ်ဓါတ်များသို့ ပြောင်းလဲဖြစ်ပေါ်နိုင်ပြီး သွားပိုးစားစေနိုင်ပါသည်။

        သကြားနှင့် အချိုများ စားသုံးမှု နည်းပါးသော ရှေးခေတ်ကာလ၌  သွားပိုးစားခြင်း  ဆိုသည်မှာ မရှိလောက်အောင်ပင် ရှားလေသည်၊ ယခုခေတ်၌ပင် အချိုနှင့် သကြားစားသုံးမှု အလွန်နည်းပါးသော နိုင်ငံများ၌ သွားပိုးစားခြင်းနှင့် အခြားသော သွားရောဂါများ ဖြစ်ပွားမှု နည်းပါးကြောင်း တွေ့ရှိရပေသည်။

         သွားပိုးစားခြင်းမှ ကာကွယ်ရန်အတွက် အကောင်းဆုံးနည်းလမ်းမှာ  အစားအစာများ စားပြီးတိုင်း သွားတိုက်ပေးရန်နှင့် ပလုပ်ကျင်းရန်တို့ ဖြစ်သည်။ အထူးသဖြင့် သကြားနှင့် သကြားပါသော ချိုသည့်
အစားအစာများ စားပြီးတိုင်း  သွားတိုက်ပေးသင့်သည်။ အစာစားပြီးတိုင်း သွားတိုက်ရာ၌ ရေဖြင့် ပလုပ် သေချာကျင်းပြီး သွားနှင့်သွားဖုံးများကို လက်ညိုးဖြင့် ပွတ်တိုက်ပေးခြင်း ပြုလုပ်ရုံဖြင့် လုံလောက်ပါသည်။ နံနက် အိပ်ယာထနှင့်  ညအိပ်ယာဝင်သည့် အချိန်တို့တွင် သွားပွတ်တံကိုသုံး၍  သွားတိုက်ဆေးဖြင့် သေချာစွာတိုက်ရန် လိုပါသည်။
 
        ရေထဲတွင် ဖလိုရိုက်(Fluoride)ခေါ် ဓါတ်တစ်မျိုး ပမာဏ အနည်းငယ် ပါဝင်ပါက သွားပိုးစားခြင်းမှ ကာကွယ်ပေးနိုင်ပါသည်၊ ဖွံ့ဖြိုးပြီး နိုင်ငံများတွင်  ယခုအခါ အိမ်များသို့ ဖြန့်ဝေသော ရေများ၌ ဖလိုရိုက် အနည်းငယ် ပါဝင်အောင် ပြုလုပ်ပေးထားခြင်းဖြင့် သွားပိုးစားခြင်း လျော့ပါးအောင် ပြုလုပ်ပေးလျက် ရှိပါသည်။

         ဖွံ့ဖြိုးဆဲနိုင်ငံများ၌မူ ထိုကဲ့သို့ မပြုလုပ်နိုင်သေးပါ၊သို့သော် ဖလိုရိုက်(Fluoride) ဓါတ် အနည်းငယ် ထည့်ပေးထားသော သွားတိုက်ဆေးများကို အသုံးပြုခြင်းဖြင့် သွားပိုးစားခြင်းမှ ကာကွယ်နိုင်ပါသည်။

No comments:

Post a Comment