Thursday, February 2, 2012

နေ့စဉ် ကွန်ပျူတာသုံးသူများ၏ မျက်စိကျန်းမာရေးအတွက်

နေ့စဉ် ကွန်ပျူတာသုံးသူများ၏ မျက်စိကျန်းမာရေးအတွက်

     ကွန်ပျူတာရှေ့မှာ တစ်နေ့တာရဲ့ အချိန်တွေ တော်တော်များများ ရှိနေတတ်တဲ့ သူတွေ အားလုံးအတွက် ကွန်ပျူတာ အသုံးပြုရင်း မျက်စိကို ထိန်းသိမ်း စောင့်ရှောက်နည်းတွေ ဖော်ပြ ပေးလိုက်ပါတယ်။ ကွန်ပျူတာရှေ့မှာ တစ်နေကုန်နီးပါးနေပြီး သတင်းတွေ ကြိုးစားပမ်းစား တင်ပေးတတ်တဲ့ mutdfan.com ရဲ့ အယ်ဒီတာချုပ် ကိုဇော်ဇော်နဲ့ mmDailyNews အယ်ဒီတာချုပ် မဥမ္မာတို့ ဇနီးမောင်နှံနဲ့ အက်ဒမင်များအားလုံး၊ ကွန်ပျူတာနဲ့ တစ်ချိန်လုံး နားပန်းလုံးနေတတ်တဲ့ အွန်လိုင်းပျော် စာဖတ်ပရိသတ်များ အားလုံးအတွက် ရည်ရွယ်ပါတယ်။ အာရုံငါးပါးထဲမှာ အမြင်အာရုံဟာ ပျောက်ဆုံး ထိခိုက်သွားလို့ မဖြစ်ဆုံး အာရုံဖြစ်လို့ ဂရုတစိုက် မပျင်းမရိ ထိန်းသိမ်း သွားသင့်ပါတယ်။ ဒီအတွက် လိုက်နာသင့်တဲ့
အချက်များကတော့

      (၁) အနေအထား မှန်ပါစေ
     မော်နီတာနဲ့ သင့်ရဲ့မျက်လုံးကြားက နေရာ အထားအသိုဟာ မျက်စိကျန်းမာရေး အတွက် မထိခိုက်အောင် ထားဖို့ဟာ အရေးကြီးဆုံး လိုအပ်ချက်ပဲ ဖြစ်ပါတယ်။ အကောင်းဆုံး အနေအထားကတော့ ရေပြင်ညီ တိုင်းကြည့်ရင် မော်နီတာရဲ့ မျက်နှာပြင်ဟာ သင့်မျက်စိအောက် တစ်ထွာလောက် အောက်နိမ့်နေသင့် ပါတယ်။ (တီဗွီ၊ ကွန်ပျူတာ စတဲ့ အလင်းထုတ်လွှတ်တဲ့ ပစ္စည်းများရဲ့ အလင်းပြင်းအားဟာ အောက်ဖက်ကို ပိုပြင်းထန်စွာ သက်ရောက်လို့ ၄င်းပစ္စည်းများကို အပြင်မှာ တင်ကာ ကြည့်ခြင်းကို လုံးဝ ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။ နိုင်ငံခြား တိုင်းပြည်တွေက အိမ်တွေမှာ တီဗွီကို ဘယ်အမြင့်မှာ ထားသလဲ မျက်စိထဲ ပြန်မြင်ယောင်ကြည့်ပါ။ လူအများကြည့်ဖို့ ထားတဲ့ အရက်ဘားလိုနေရာက တီဗွီတွေကလွဲလို့ အားလုံး ကြမ်းပြင်အထက် ၂ပေခွဲ ၃ ပေလောက် အမြင့်မှာပဲ ထားတာ မြင်ယောင်ကြည့်ပါ) မျက်လုံးနဲ့ စကရင်ကြား အကွာအဝေးက ၂ ပေ ခွဲ အနည်းဆုံး ရှိသင့်ပါတယ်။ ဒါဟာ မျက်စိကျန်းမာရေး အတွက် စံအကွာအဝေး ဖြစ်ပါတယ်။ ဒီအကွာအဝေးထက် ပိုနီးရင် သင့်ရဲ့ မျက်လုံးထဲက အင်မတန် နူးညံ့တဲ့ Retina ခေါ် မြင်လွှာကလေးက မော်နီတာက ထွက်တဲ့ ရောင်ခြည်အလင်းများရဲ့ ပြင်းအားကို အဆမတန် ခံစားရမှာဖြစ်လို့ အရွယ်မတိုင်မီ ပါဝါတက်ခြင်း၊ မျက်ရိုးကိုက်ခြင်း၊ အကြောတက်ခြင်းတွေ ပိုမို ခံစားရနိုင်ပါတယ်။

     ဒါ့အပြင် ကွန်ပျူတာရှေ့မှာ တစ်နေ့ကို ၅ နာရီနဲ့ အထက် ပိုထိုင်သူများဟာ ကွန်ပျူတာနဲ့ နီးကပ်လေလေ ကွန်ပျူတာက ထုတ်လွှတ်တဲ့ လျှပ်စစ်သံလိုက် စက်ကွင်းရဲ့ ဒဏ်ကို ပိုခံစားရလို့ အိပ်မပျော်တဲ့ ဝေဒနာ ပိုခံစားရလေလေ ဖြစ်ပါတယ်။ အထူးသဖြင့် မော်နီတာက LCD မဟုတ်ဘဲ CRT ဆို ထုတ်လွှတ်တဲ့ လျှပ်စစ်စက်ကွင်း ပိုဆိုးတတ်ပါတယ်။ ဒါကြောင့် ဒီလို ပြဿနာတွေ တတ်နိုင်သမျှ လျော့နည်းရအောင် သင့်ကွန်ပျူတာကို ဒီနေ့ကစပြီး စံအကွာအဝေးမှာ ရှိမရှိ စစ်ဆေးပြီး မရှိရင် ရွှေ့ပါ။

      (၂) သင့်မော်နီတာရဲ့ အလင်းရောင်ကို အနည်းဆုံး လျှော့ချပါ
     တစ်ဆင့်ချင်း လျှော့ချတဲ့ နည်းကို သုံးနိုင်ပါတယ်။ ဒီလို လျှော့ချလိုက်တဲ့ ခဏမှာတော့ ကြည့်ရတာ အားမရသလို တစ်ခုခု လိုနေသလို ခံစားရတတ်ပါတယ်။ ဒါပေမယ့် ကြာလာတာနဲ့ အမျှ မသိသာတော့ပါဘူး။ ဒီအခါမှာ ထပ်မံလျှော့ချပေးပါ။ သင်မြင်ရတဲ့ အနည်းဆုံး အလင်းရောင်၊ အရောင်ပြင်းအားလောက် ရောက်တဲ့အထိ လျှော့ချပေးပါ။ မှောင်မိုက်နေတဲ့ အခန်းထဲမှာ ကွန်ပျူတာ သုံးခြင်း ရှောင်ကြဉ်ပါ။ သင့်နံဘေးမှာ အလင်းရောင် အတန်ငယ် ရှိနေပါစေ။ ရာသက်ပန် သုံးရမယ့် သင့်မျက်လုံးကို ဒီလောက်တော့ ညှာတာ လိုက်ပါ။

     ရိုးရိုး မြင်ရတဲ့ မြင်ကွင်းနဲ့ Anti-reflective Lens ကို ဖောက်မြင်ရတဲ့ မြင်ကွင်း နှိုင်းယှဉ် ပြထားတာပါ
ပိုက်ဆံ အကုန်ခံနိုင်မယ် ဆိုရင်တော့ သင်ကွန်ပျူတာ သုံးနေစဉ် အတွင်း တပ်ဖို့ အလင်းပြန်မှု ကာကွယ်သော မှန်ဘီလူး (Anti-reflective Lens) နဲ့ လုပ်ထားတဲ့ မျက်မှန်ကို ၀ယ်ယူ တပ်ဆင်သင့်ပါတယ်။ မျက်မှန်ကို ပါဝါနဲ့ တတ်သူတွေလည်း ကွန်ပျူတာ သုံးနေကျ ဆိုရင် မျက်မှန်လုပ်ရင် Anti-reflective Lens လို့ မေးပြီး လုပ်လို့ ရပါတယ်။

      (၃) မိနစ် ၂၀၊ ပေ၂၀၊ အခါ၂၀၊ ခြေလှမ်း ၂၀
     ကွန်ပျူတာကို ဆက်တိုက် အသုံးပြု တော့မယ် ဆိုရင် အသုံးပြုလို့ မိနစ် ၂၀ လောက် ရှိရင် ခေါင်းကို ခဏ ဘေးဘက်လှည့်ပြီး ပေ ၂၀ အကွာက အရာဝတ္ထု တစ်ခုကို ကြည့်ပေးပါ။ အခါ ၂၀ လောက် မျက်တောင် ဖွင့်လိုက်ပိတ်လိုက် လုပ်ပေးခြင်းဖြင့် မျက်ဝန်း စိုစွတ်မှုကို ပြန်လည် ထိန်းသိမ်းပါ။

     ခြေလှမ်း ၂၀ လောက် ထလျှောက်ပြီး သွေးလှည့်ပတ်မှုကို ကောင်းမွန်အောင် လုပ်ပေးပါ။ ကွန်ပျူတာ နေ့စဉ်အသုံးပြုသူတွေ အားလုံး လိပ်ခေါင်းဖြစ်ဖို့ အရမ်းနီးစပ်တာမို့ သွေးလှည့်ပတ်မှု ကောင်းအောင် နေထိုင်ဖို့ သတိပြုပါ။

      (၄) မျက်စဉ်းခတ်ပေးပါ
     ပုံမှန်အခြေအနေမှာ လူတစ်ယောက်ဟာ တစ်မိနစ်မှာ ၁၂-၁၄ ကြိမ်လောက် မျက်တောင်ခတ်ပေမယ့် ကွန်ပျူတာ ပေါ်မှာ အာရုံစူးစိုက်ပြီး အလုပ်လုပ်နေတဲ့ အချိန်မှာ တစ်မိနစ်ကို ၅-၆ ကြိမ်လောက်ပဲ မျက်တောင် ခတ်ဖြစ်တာ သင်သတိထားကြည့်ရင် သိမှာပါ။ ဒါဆိုရင် မျက်စိ ခြောက်သွေ့တာ ဖြစ်လာမှာ သေချာပါတယ်။ ပန်ကာနားမှာ နေပြီး လုပ်ရင် ပိုတောင် ဆိုးပါတယ်။ ဒီအတွက် မျက်စဉ်းတစ်ခုခု ဆောင်ထားသင့်ပြီး မျက်စိထဲက ခုလုခုလု ဖြစ်တယ်လို့ ခံစားရတိုင်း မျက်သား ခြောက်နေပြီ ဖြစ်လို့ မျက်စဉ်းလေး ခတ်ပေးပါ။

      (၅) လွယ်ကူသော မျက်စိ အနားပေး နှိပ်နယ်ခြင်း
     ကွန်ပျူတာရှေ့မှာ အလုပ်တစ်ခု ပြီးသွားတိုင်း ခါးဆန့်ဆန့် ထိုင်ကာ လက်ဖ၀ါးနှစ်ဖက်ကို ပူနွေးလာသည်အထိ ပွတ်ပါ။ နွေးနေတဲ့ လက်ဖ၀ါးနှစ်ဖက်နဲ့ မျက်စိကို အုပ်မိုးကာ မိနစ်ဝက်လောက် နေပေးပါ။ အံ့သြစရာ ကောင်းလောက်အောင် မျက်လုံးထဲက ပင်ပန်းနွမ်းနယ်မှုတွေ လျော့ပါးသွားတာ တွေ့ရပါမယ်။

      (၆) အမြင်အာရုံအားပေးသော အစားအသောက်များ စားပေးပါ
     မျက်လုံးအတွက် အများဆုံး လိုအပ်တဲ့ အာဟာရက ဗိုက်တာမင်အေ ဖြစ်ပြီး ဗိုက်တာမင်အေ ကြွယ်ဝတဲ့ အစားအသောက်တွေက အနီရောင်၊ အ၀ါရောင်၊ အစိမ်းရင့်ရောင် ပါတဲ့ အသီးအနှံများ ဖြစ်ပါတယ်။ ခရမ်းချဉ်သီး၊ သင်္ဘောသီးနဲ့ ငါးကြီးဆီ တွေက မျက်စိအတွက် အကောင်းဆုံး ဓာတ်စာများလို့ ဆိုပါတယ်။

       ဒေါက်တာသီဟသစ်

1 comment:

  1. The Lucky Club – Best Casino Sites
    It was founded in 2008 in South Africa, where it was established in 2013. It's still operating. The Lucky Club Casino is luckyclub operated by Bally, the

    ReplyDelete